နွေလေးလ ရေ ဘယ်ကရမလဲ

ရာသီဥတု ပြောင်းလဲလာမှုကြောင့် မြန်မာနိုင်ငံ၏ အပူချိန်မှာ တဖြည်းဖြည်းတိုးလာနေပြီး မြန်မာနိုင်ငံ တွင် ၂၀၁၁ ခုနှစ်မှ ၂၀၄၀ ခုနှစ်အထိ ပျမ်းမျှအပူချိန်အနည်းဆုံး ဝ.၇ ဒီဂရီ စင်တီဂရိတ်မှ အများဆုံးအပူချိန် ၁.၁ ဒီဂရီစင်တီဂရိတ်အထိ တိုးလာနိုင်ပြီး နွေရာသီတွင် ဝ.၈ မှ ၁.၂ ဒီဂရီအထိ တိုးလာနိုင်ကြောင်း ရာသီဥတုဆိုင်ရာ အချက်အလက်များအား မိုးလေဝသနှင့် ဇလဗေဒ၊ ကောင်းကင်ဂြိုလ်တုကနေ အချက်အလက် ရယူထုတ်ပြန်နေသည့် NASA ၏ ခန့်မှန်းချက်အရ သိရသည်။

By ကျောက်ဖြူအောင်ဒိုး 20 May 2019

ကျောက်ဖြူအောင်ဒိုး / DMG

“ညနေ နေရီနေရီ ရေခပ်ချိန် လေးနီးလာပြီ” ဆိုသည့် တေးသီချင်းလို ကျေးလက်ဒေသတွေမှာ ညနေ နေအေးချိန်တွင် ရေအိုးကိုယ်စီဖြင့် ရေခပ်သွားလေ့ရှိကြသည်။ သို့သော် ယခုအခြေအနေသည်ကား ညနေစောင်းမှာ သီချင်းအေးအေးလေးဆိုပြီး အပျိုတစ်သိုက် ရေခပ်ဆင်းသည့် မြင်ကွင်းမျိုးမဟုတ်ပေ။

 ယခုအချိန်တွင်ကား ကျေးလက် ဒေသတချို့မှာ ရေရှားမှုပြဿနာများကို ရင်ဆိုင်လာရခြင်းကြောင့် ညနေရေခပ်ချိန်ထိ မစောင့်နိုင်တော့ဘဲ မိသားစုသုံးရန်အတွက်ရေကို နေ့လည်ကတည်းက ရှာဖွေစုဆောင်း နေကြရသည်။

လေးထောင့် အဝါရောင် ပလတ်စတစ်ပုံးတွေကို ဘီးသုံးလုံးတပ်ထားသည့် တွန်းလှည်းပေါ်မှာတင်ပြီး လူကြီးလူငယ် မိန်းကလေးတွေဟာ နွေ ရာသီ၏ အပူဒဏ်ကို အန်တုပြီး ဘော လုံးကွင်း တစ်ကွင်းစာလောက်ရှိသည့် ရေကန်ကြီးဆီကို ဦးတည်လာကြသည်။

အက်ကွဲနေသည့်မြေတွေ ပတ်လည်ဝန်းရံထားသည့် အလယ်မှာ နောက်ကျိကျိ ရေအနည်းငယ်ကို သုံးရေအဖြစ် အသုံးပြုရန် လာရောက် ခပ်ယူနေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ရေရှားပါးမှုအား ရင်ဆိုင်နေရသည့်အထဲတွင် စစ်တွေမြို့နယ်အတွင်းမှ အိမ်ခြေ ၂၄၀ ခန့်၊ လူဦး ရေ ၂၅၀၀ ခန့်နေထိုင်သည့် ကျေးတော ပိုက်ဆိပ်ရွာလည်း အပါအဝင်ဖြစ်သည်။         ၎င်းကျေးရွာတွင် ရေကန် ၄ ကန်ရှိသော်လည်း လက်ရှိမှာ ရေကန် ၃ ကန်တွင် ရေခမ်းခြောက်နေပြီး ကျန်သည့် တစ်ကန်မှာလည်း ရေအနည်းငယ်သာ ကျန်ရှိတော့သဖြင့် မကြာမီ ခမ်းခြောက်တော့မည့် အခြေအနေတွင် ရှိနေသည်။

“ဒီမှာက နွေရာသီရောက်ရင် ရေခမ်းတယ်၊ တစ်ခြားရွာတွေက သွားပြီးခပ်ရတယ်။ ဒီလိုသွားခပ်ရတော့ ကျွန်မတို့မှာ အချိန်လည်း အများကြီးကုန်တယ်၊ စားသောက်ရေးအတွက်လည်း အချိန်မမီတဲ့ အခက်အခဲတွေနဲ့ ကြုံနေရတယ်” ဟု ကျေးတောပိုက်ဆိပ်ကျေးရွာမှ ဒေါ်ဦးသန်းမှုံက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိသည့် ကျေးလက်ဒေသ အချို့တွင် ဧပြီလအစောပိုင်းလောက်တွင် စတင်ပြီး သောက်ရေ၊ သုံးရေ ရှားပါးလာသည့်အတွက်ကြောင့် ဒေသခံများအနေဖြင့် ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မေလ ၈ ရက်နေ့အထိ စာရင်းအရ သောက်သုံးရေ ရှားပါးမှုပြဿနာကို ရင်ဆိုင်နေရသည့် ကျေးရွာ ၁၃ ရွာအထိရှိကြောင်း သိရသည်။ သို့သော်လည်း ယနေ့အချိန်ထိ စာရင်းဇယားတွင် မရှိသည့် အခြားကျေးရွာများလည်း ရှိနေပါသေးသည်။

စစ်တွေမြို့နယ်တွင် ၂ ရွာ၊  ပုဏ္ဏားကျွန်းမြို့နယ်တွင် ၃ ရွာ၊ ရသေ့ တောင်မြို့နယ်တွင် ၁ ရွာ၊ မင်းပြားမြို့ နယ်တွင် ၁ ရွာ၊ မောင်တောမြို့နယ် တွင် ၂ ရွာ၊ ကျောက်ဖြူမြို့နယ်တွင် ၂ ရွာ၊ ရမ်းဗြဲမြို့နယ်တွင် ၁ ရွာနှင့် သံတွဲ မြို့နယ်တွင် ၁ ရွာတို့ ရေရှားပါးမှုကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဇော်မျိုးက ပြောသည်။

“မြို့နယ် ၈ မြို့နယ်မှာ ရေဂါ လံ ၄ သောင်းကျော်ကို ဖြန့်ဝေပြီးဖြစ် ပါတယ်”ဟု ဦးဇေယျာဇော်မျိုးက ပြောသည်။

ရာသီဥတု ပြောင်းလဲလာမှုကြောင့် မြန်မာနိုင်ငံ၏ အပူချိန်မှာ တဖြည်းဖြည်းတိုးလာနေပြီး မြန်မာနိုင်ငံ တွင် ၂၀၁၁ ခုနှစ်မှ ၂၀၄၀ ခုနှစ်အထိ ပျမ်းမျှအပူချိန်အနည်းဆုံး ဝ.၇ ဒီဂရီ စင်တီဂရိတ်မှ အများဆုံးအပူချိန် ၁.၁ ဒီဂရီစင်တီဂရိတ်အထိ တိုးလာနိုင်ပြီး နွေရာသီတွင် ဝ.၈ မှ ၁.၂ ဒီဂရီအထိ တိုးလာနိုင်ကြောင်း ရာသီဥတုဆိုင်ရာ အချက်အလက်များအား မိုးလေဝသနှင့် ဇလဗေဒ၊ ကောင်းကင်ဂြိုလ်တုကနေ အချက်အလက် ရယူထုတ်ပြန်နေသည့် NASA ၏ ခန့်မှန်းချက်အရ သိရသည်။

၂၀၁၁ ခုနှစ်မှစ၍ လာမည့် ၂၀၄၀ ခုနှစ်အတွင်း ကမ်းရိုးတန်းဒေသများတွင် အပူချိန်သည် ၃၈.၃ ဒီဂရီ အထိ ရှိလာနိုင်ပြီး နွေရာသီတွင် အပူဆုံးနေ့ရက်မှာ ၄ ရက်မှ ၆ ရက်အထိ ရှိလာနိုင်ကြောင်း ၎င်းအဖွဲ့များမှ ခန့် မှန်းထားသည်။

လက်ရှိ ရေရှားပါးသည့် အချိန်ကာလများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုစောလာခြင်းဖြစ်ကာ ဒေသခံများမှာ လည်း ရေရရှိရန်အတွက် အချိန်များစွာ ပေးလာကြရသည်။

ယခုကဲ့သို့ ရေရှားပါးလာခြင်းသည် အများအားဖြင့် အပူပိုင်းဒေသများတွင် နွေရာသီရောက်သည်နှင့် ရေခမ်းခြောက်လာခြင်း၊ မိုးရွာသွန်းမှု နောက်ကျခြင်း၊ အပူချိန် မြင့်တက်ခြင်း၊ မြေအောက်ရေ ခမ်းခြောက်လာခြင်းနှင့် သစ်တောများ ပြုန်းတီးလာခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် ရေခမ်းခြောက်မှု စောလျင်စွာ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ခန့်မှန်းထားသည်။

“ဒီနှစ်မှာ ရေက မနှစ်ကထက် စောပြီးခမ်းတယ်။ ရာသီဥတုဖောက်ပြန် တဲ့အခါ မိုးတွေမရွာတော့ ကျွန်မတို့မှာ သုံးတဲ့ရေက မိုးရွာပြီး တင်ကျန်ခဲ့တဲ့ ရေကိုသုံးတာ။ ရေတင်မကျန်ခဲ့တော့ ရေရှားတယ်” ဟု ဒေါ်ဦးသန်းမှုံက ပြောသည်။

ယခုကဲ့သို့ ရေပိုမိုရှားပါးလာသည့်အတွက် ကျေးလက်ဦးစီးဌာနအနေဖြင့်လည်း ရေရရှိရန်အတွက် ငွေကြေးများကို ယခင်နှစ်များကထက် ပိုမိုအသုံးပြုလာရသည်ဟု သိရသည်။

“ကျနော်တို့ တတ်နိုင်သလောက် ရွာသားတွေနဲ့ညှိတယ်၊ တချို့ရွာတွေမှာတော့ ကန်တူးဖော်ဖို့ မြေနေရာပေးတယ်။ ပေးတဲ့နေရာတွေကလည်း ရွာနဲ့ နည်းနည်းအလှမ်းဝေးတော့ ရေခပ်ရတာ အဆင်မပြေဘူး” ဟု ဦးဇေယျာဇော်မျိုးက ပြောသည်။

ယခုကဲ့သို့ ရေရှားပါးလာခြင်းသည် လူဦးရေများလာခြင်းနှင့် အပူချိန် မြင့်မားလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ကျေးရွာသူရွာသားများက ပြောသည်။

အထူးသဖြင့် ကျေးလက်ဒေသနေ ပြည်သူများသည် လူသုံးရန်ရေရှာ ဖွယ်ရသည်မက တိရိစ္ဆာန်များအတွက်ပါ ရှာဖွေကြရသည်။ ကျေးရွာများအနီးအနားက ရေတွင်းရေကန်များ ခမ်းခြောက်လာသည့်အခါ ဝေးလံသည့် တောတောင်များထဲမှ စမ်းချောင်းများအထိ သွားရောက်ကာ ရေတစ်ပုံးစာအတွက် နာရီနှင့်ချီ စောင့်ဆိုင်းပြီးမှ ခပ်ယူကြရသည်။ ကျောက်ကြို ကျောက်ကြားက တစက်စက်ကျဆင်းနေသည့် ရေကိုအလှည့်ကျစနစ်ဖြင့် စောင့်ဆိုင်းခပ်ယူကြရသည့် အခြေအနေများလည်း ရှိနေကြသည်။

ကျေးတောပိုက်ဆိပ် အုပ်ချုပ်ရေးမှူး ဦးဝင်းသာက “ကျွန်တော်တို့ ကတော့ မြို့နယ်အသီးသီးကို တင်ပြထားတယ်။ ကျွန်တော်တို့ရွာမှာက ရေကတူးလို့မထွက်ဘူး။ မိုးရေလောက်ပဲရတယ်၊ လူဦးရေကလည်း တစ်နေ့ထက်တစ်နေ့ များလာတယ်ဆိုတော့ ဒီမှာရှိတဲ့ ရေကန်လောက်နဲ့ လိုက်မမှီတော့ဘူးပေါ့နော်။ ရေကန်တူးမယ်ဆိုရင် ကျွန်တော်တို့မှာ မြေကအခက်အခဲရှိတယ်။ ဌာနဆိုင်ရာတွေနဲ့ တခြားအလှူရှင်တွေ ကူညီမှသာလျှင် အဆင်ပြေမယ်လို့ထင်တယ်”ဟုပြောသည်။

လက်ရှိအချိန်တွင် ရေရှားနေသည့် ကျေးလက်ဒေသများသို့ ကျေးလက်ဦးစီးဌာနနှင့် တစ်ခြားပုဂ္ဂလိက အဖွဲ့အစည်းများမှ သောက်သုံးရေများ သွားရောက်လှူဒါန်းနေကြခြင်းသည် ဒေသခံများအနေဖြင့် တစ်နေ့တာ သို့မဟုတ် တစ်ပတ်အတွက်ရေကိုသာ လုံလောက်လေ့ရှိပြီး မိုးရာသီမရောက်မချင်း နောက်ထပ် ရင်ဆိုင်လာရမည့် သောက်ရေသုံးရေပြဿနာကို ဖြေရှင်းရန် အခက်အခဲများလည်း ရှိနေကြသည်။

နှစ်စဉ်နှစ်တိုင်း စောလျှင်စွာ ရေခမ်းခြောက်လာသည့် ပြဿနာများအား အစိုးရအနေဖြင့် တချို့ ကျေးရွာများတွင် ရေကန်များကိုချဲ့ထွင်ပြီး ရေတွင်းရေကန်များ တူးဖော်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်နေပေမယ့် မြို့နှင့်အလှမ်းဝေးသည့် ကျေးလက်ဒေသများတွင်မူကား နဂိုအတိုင်းသာ ရှိနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် မိုးရေချိန်များသည့် ဒေသတစ်ခုဖြစ်သော်လည်း နွေရာသီရောက်တိုင်း ရေရှားပါးမှုကို ရင်ဆိုင်ကြေရသည်မှာ မိုးရာသီတွင် ရွာသွန်းခဲ့သည့် မိုးရေများအား လုံလောက်စွာ သိုလှောင်ထားနိုင်သည့် ရေကန်ကြီးများ တူဖော်ထားမှု နည်းပါးနေခြင်းကြောင့်လည်း ဖြစ်သည်။

ရေရှားပါးသည့် ပြဿနာကို ဖြေရှင်းရန်အတွက် လွယ်လွယ်ဖြေရှင်း၍မရနိုင်ဘဲ မြေအောက်ရေ ထုတ်ယူမှုများ၊ ရေအရင်းအမြစ်ဌာနများနှင့် ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်ရမည်ဖြစ်ကာ ရေရှားပါး မှုပြဿနာကို ဖြေရှင်းမည်ဆိုပါက သစ်တောသစ်ပင်များမှာ အဓိကကျပြီး အချိန်ကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှသာလျှင် ရေရှားပါးမှုပြဿနာကို လျှော့ချနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပြောသည်။

(ယခုဖော်ပြပါ ဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ် ၁၀၈ တွင်လည်း ဖတ်ရှုနိုင်ပါသည်။)

ဗီဒီယိုများ